Wednesday, 27 October 2010

ဟိုဒင်း နှင့် အ၀ှါ ဖိုးသူတော် နှစ်ဦး

ရှေးရှေးတုန်းက ရသေ့ တောကျောင်း တစ်ကျောင်းတွင် ရသေ့တစ်ပါးနှင့် ဖိုးသူတော် နှစ်ဦးရှိလေသည်။

ရသေ့ကြီး၏ မေတ္တာ တရား ကြီးမားမှုကြောင့် ကျောင်းအောက်တွင် တောကြက်များစွာလည်း လာရောက် မှီခိုနေကြသည်။ တောကြက်ဥများ၊ ကြက်ငယ်ကလေးများသည် ကျောင်းအောက်တွင် ပျံ့ကျဲလျက်ရှိသည်။

ဖိုးသူတော်တစ်ဦးက သူနှင့် အတူနေသော အခြား ဖိုးသူတော် တစ်ဦးအား “ကျောင်းအောက်က ကြက်ဥတွေရသေ့ကြီးမသိအောင် တစ်လုံးစ နှစ်လုံးစ ပြုတ်စားရရင် မကောင်းပေဖူးလား” ဟု တိုးတိုးတိတ်တိတ် တိုင်ပင်ကြည့်ရာ အတိုင်ပင်ခံရသော ဖိုးသူတော်က “ဖိုးသူတော် အ၀တ်ကြီးနဲ့ ပုတီးစိပ်နေပြီးမှ ဒီအကြံအစည်မျိုး မပြုသင့်ပါ” ဟောပြော ပြသ တရားချလိုက်လေသည်။

ကြက်ဥပြုတ်စားလိုသော ဖိုးသူတော်သည် သူ၏ ဆန္ဒကို မလျှော့ မည်သူမျှ မသိစေပဲ ကြက်ဥများကိုပြုတ်ပြီး သတိပဌာန်စာအုပ်အောက်တွင် ၀ှက်ထားခဲ့ကာ ချောင်းငယ်တစ်ခုသို့ ရေချိုးဆင်းသွားလေသည်။

ကျောင်းတွင် ကျန်ရစ်သော ဖိုးသူတော်သည် စာကျက်ရန် သတိပဌာန် စာအုပ်ကို ယူလိုက်ရာ စာအုပ်အောက်တွင် ဖုံးကွယ်ဝှက်ထားသော ကြက်ဥပြုတ်များကို တွေ့ရလေရာ မနေနိုင်တော့သဖြင့် အားလုံးစားပြီး ခြေရာလက်ရာ မပျက်စေပဲ စာအုပ်ကို မူလအတိုင်း ပြန်ထားလိုက်လေသည်။

ချောင်းငယ်မှ ရေချိုးပြန်လာသော ဖိုးသူတော်သည် အလစ်တွင် သူတစ်ဦးတည်း ကြက်ဥပြုတ်များကို တွယ်လိုက်မည်ဟု အားခဲကာ ကြက်ဥများထားရာ မူလနေရာသို့ သွားသည်။ ကြက်ဥများကို မတွေ့ရတော့ပေ။ ထိုအခါ ကျောင်းတွင် ကျန်ရစ်သော ဖိုးသူတော် စားလိုက်ပြီဟု သေချာပေါက် တွေးမိသော်လည်း ရသေ့ကြီးသိလေလျှင် မကောင်းတတ်သောကြောင့် “သူများက ဟိုဒင်းပြုရအောင်ပါလို့ ပြောတုန်းကတော့ အ၀တ်ကြီးနှင့်လေ ပုတီးနှင့်လေ နဲ့ တရားတွေ ကြီးကြီးကျယ်ကျယ်ဟောပြီး ခုသူများ ဟိုဒင်းပြုထားမှ ဒင်းတစ်ယောက်တည်း ဟိုဒင်းပြုတယ်” ဟု မြည်တွန်တောက်တီးနေလေရာ ကြက်ဥခိုးစားထားသော ဖိုးသူတော်က စိတ်မလုံသဖြင့် “ဦးသူတော် ကျူပ်တော့ အ၀ှါမပြုဘူးနော်။ ဦးသူတော် မကျေနပ်ရင် ကျောင်းအောက်မှာ အများကြီးပဲဟာ၊ ညကျမှ ရသေ့ကြီးမသိအောင် ဦးသူတော်အတွက်ရော ကျူပ်အတွက်ပါ အ၀ှါပြုပေးမယ်။ အ၀ှါက ဒီအတိုင်း မကောင်းဘူးဗျ။ ဆီကလေး၊ဆားကလေးနဲ့မှ ကောင်းတာ” ဟု ပြောပြလိုက်လေသည်။

စာ ၁၈၊ ဘုရားကျောင်းကန်အနီးမှ မြန်မာပုံပြင်များ၊ လူထုဦးလှ ၁၉၆၅

1 comment:

  1. ဖတ်လို့ကောင်းပါတယ်
    ကျေးဇူးတင်ပါတယ်

    ReplyDelete