တစ်ခါက ဘုန်းကြီးတစ်ပါးသည် မိမိကျောင်းရှိ ကိုရင်ကြီးတစ်ပါးအား သဒ္ဒါ၊ သင်္ဂြိုလ်၊ စာဝါများ ပို့ချပေးစဉ် နည်းပေး လမ်းပြအနေဖြင့် “စာဆိုတာ ကြံရတယ်ကွ၊ ကြံမှသာ စာပေရဲ့ နက်နဲမှု အဓိပ္ပါယ်ဟာ ပေါ်လွင်ထင်မြင်လာပြီး မေ့ပျောက်မသွားနိုင်တာ” ဟု ဆုံးမစကား ပြောကြားလိုက်၏။ ထို့ကြောင့် ကိုရင်ကြီးသည် ညအချိန် လသာသာ ထိုင်ခုံပေါ်တွင်ထိုင်လျက် ကြယ်တွေကို ကြည့်ရှုပြီးနေ၏။ ဘုန်းကြီးသည် ကိုရင်ကြီး၏ အနီးသို့ ကပ်လျက် “ ဟဲ့ ကိုရင်ကြီး ဘာများ စိတ်ကူးနေသလဲ” ဟု မေးလိုက်ရာ၊ ကိုရင်ကြီးက “ စာကြံနေတာပါ ဘုရား” ဟု ပြန်လျှောက်ထားလေ၏။
“ဘာစာများကြံနေသလဲ” ဟု ထပ်မံမေးမြန်းလိုက်ရာ ကိုရင်ကြီးသည် မိုးပေါ်သို့ကြည့်လျက် “အထက်မိုးပေါ်က ကြယ်တွေဟာ ဘာများ ချေးယိုချပါလိမ့်ကြံနေပါတယ်ဘုရား” ဟု လျှောက်လိုက်ရာ ဆရာတော်ဘုန်းတော်ကြီးသည် ဒေါသဖြစ်မှုထက် ရယ်ပြုံးလိုမှု ပိုကာ “ တယ် စာကြံကောင်းတဲ့ ကိုရင်ကြီးပဲ ” ဟု ပြောဆို ညည်းညူလိုက်မေလေတော့သည်။
စာ ၄၁၊ ဘုရားကျောင်းကန်အနီးမှ မြန်မာ ပုံပြင်များ၊ လူထုဦးလှ ၁၉၆၅
No comments:
Post a Comment