တစ်ခါက ကျောင်းတစ်ကျောင်းတွင် ဖိုးသူတော် တစ်ဦးနှင့် ကပ္ပိယ တစ်ဦးရှိလေသည်။ သူတို့နေထိုင်သော ရွာမှ သူကြီးတွင် အရွယ်ရောက်ပြီဖြစ်သော သမီးချောတစ်ယောက် ရှိလေ၏။ ဖိုးသူတော်သည် သူကြီးသမီးကို တစ်ဖက်သတ်ကြိုက်နေကာ အများကပင် သူတို့အကြောင်း ပြောနေကြသည်ဟု အထင်ခံချင်နေ၏။
ထို့ကြောင်က ဖိုးသူတော်သည် ကပ္ပိယ ရွာထဲမှ ပြန်လာတိုင်း “သူကြီးသမီးနဲ့ ဘယ်သူနဲ့ ဖြစ်တယ်လို့ ပြောသံ ကြားခဲ့သလားဟေ့” ဟု ဆီး၍ မေးလေ့ရှိ၏။ ကပ္ပိယသည် ရိုးရိုးတန်းတန်း မေးသည်ဟု ထင်မှတ်၍ “ဘယ်သူနှင့်မှ ပြောသံမကြားပါဘူး” ဟု ရိုးရိုးပင် ဖြေကြားပြောဆိုလေသည်။
ဖိုးသူတော်က ခဏခဏ မေးသောအခါ ကပ္ပိယသည် ဖိုးသူတော်အပေါ် သင်္ကာမကင်းဖြစ်လာ၍ အကဲစမ်းလိုစိတ် ပေါ်လာသည်။ထို့ကြောင့် တစ်နေ့၌ ကပ္ပိယ ရွာထဲမှ ပြန်အလာတွင် ဖိုးသူတော်က ခါတိုင်းကဲ့သို့ပင် “ဟေ့ ကပ္ပိယ သူကြီးသမီးနဲ့ ဘယ်သူနဲ့ ဖြစ်တယ်လို့ ပြောသံ ကြားခဲ့သလားဟေ့” ဟု ဆီး၍ မေးသည်။ ဖိုးသူတော်အား အကဲခတ်လိုသော ကပ္ပိယက “ဦးသူတော်နဲ့ ကြိုက်နေကြတယ်လို့ ရွာထဲမှာ ပြောနေသံကြားခဲ့တာဘဲ” ဟု ပြောလိုက်ရာ ဖိုးသူတော်မှာ ပီတိဖုံးသွားပြီး “ဟီးဟီး ဟုတ်တော့ ဖုံးလို့မရဘူး” ဟု ပြန်ပြောလိုက်လေသတည်း။
ကျောင်းကန်အနီးမှ မြန်မာပုံပြင်များ၊ လူထုဦးလှ၊၁၉၆၅
No comments:
Post a Comment