တစ်ခါသော် ရွာတစ်ရွာမှ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ဆရာတော် ဘုန်းတော်ကြီး ပြုလုပ်သည်များကို ဘာမဆိုလိုက်၍ အတုလုပ်လေ့ရှိသော ကျောင်းသားနှစ်ယောက်ရှိလေ၏။ ဘုန်းတော်ကြီးသည် ဆွမ်းဘုန်းပေးသည့်အခါတိုင်း ပြတင်းပေါက်တစ်ခု၌ ရေတစ်ခွက် ဒန်ပူ(တံပူ) တစ်ချောင်းနှင့် သွားတိုက်ပါးစပ်ဆေးလေ့ရှိလေသည်။
ဤသို့ ပါးစပ်ဆေးသည်ကို ဒန်ပူစားသည်ဟု ခေါ်ဝေါ်လေ၏။ အတုလိုက်၍ ပြုလုပ်လေ့ရှိသော ကျောင်းသားနှစ်ယောက်သည်လည်း မိမိတို့ ဆရာတော် ဘုန်းကြီး တကယ် ဒန်ပူစားသည်ဟု ထင်မှတ်လျက် တို့နှစ်ယောက်လည်း ဘုန်းကြီးအခြားတစ်ရွာသို့ ကြွသွားသည့်အခါ ဒန်ပူစားကြရအောင်ဟု တိုင်ပင်ထားကြလေသည်။
များမကြာမီ ဘုန်းတော်ကြီးသည် ရွာတစ်ရွာသို့ ကိစ္စ တစ်ခုနှင့် ကြွသွားလေလျှင် သဘောတူတိုင်ပင်ထားသော ကျောင်းသားနှစ်ယောက်သည် ဒန်ပူစားကြလေတော့သည်။ ပြတင်းပေါက်တစ်ခုလျှင် တစ်ယောက်စီ ထိုင်၍ ဒန်ပူတစ်ချောင်း ရေခွက်တစ်ခုစီဖြင့် ဆရာ ဘုန်းတော်ကြီး၏ ဟန်ပန် အမူအရာအတိုင်း ဂူး ဂွပ် နှင့် ချွဲသလိပ်များကို ဟပ်ကြ၍ ဒန်ပူများကို ၀ါးစားပြီး ရေဖြင့် ရောမျိုချကြလေသည်။
စားပြီးကြသောအခါ နှစ်ယောက်သား ဆုံ၍ တစ်ယောက်က "တယ်တော့ မကောင်းလှပါဘူးကွာ၊ ဘတ်သတ်သတ် နဲ့" ဟု ပြောလေလျှင် ကျန်တစ်ယောက်ကလည်း " ဧ ဧ ဘုန်းကြီးများ ကောင်းတယ်ရယ်လို့ မဟုတ်ပါဘူး။ ရေတစ်ခွက်နဲ့ ဂူး ဂွပ်လုပ်ပြီး စားကြတာပါပဲ" မှတ်ချက်ချ ထောက်ခံလိုက်လေ၏။
ထိုသူငယ်နှစ်ယောက် ကျောင်းမှ ထွက်ပြီး ကွဲကာသွားကြရာမှ နှောင်ကြီးပြင်း၍ ဆုံမိကြလေသောအခါ “တို့နှစ်ယောက် ကျောင်းတုန်းက ဒန်ပူစားကြတာ မှတ်မိသေးရဲ့လား” ဟု တစ်ဦးက မေးလိုက်လျှင် ကျန်တစ်ယောက်က
“မှတ်မိတာပေါ့ကွာ သူငယ်ချင်း တို့နှစ်ယောက် ရွာတည်လိုက်ရရင် တို့ကမွေးလာတဲ့ ကလေးတွေကတော့ ငအ ငအူလေးတွေချည်း ဖြစ်နေလိမ့်မယ် ထင်တယ်” ဟု ပြောဆိုရယ်မောကြလေသတည်း။
စာ ၁၀၈၊ကျောင်းကန်အနီးမှ မြန်မာ ပုံပြင်များ၊ လူထုဦးလှ ၁၉၆၅
No comments:
Post a Comment