Wednesday 27 October 2010

စာကြံကောင်းတဲ့ ကိုရင်ကြီး

တစ်ခါက ဘုန်းကြီးတစ်ပါးသည် မိမိကျောင်းရှိ ကိုရင်ကြီးတစ်ပါးအား သဒ္ဒါ၊ သင်္ဂြိုလ်၊ စာဝါများ ပို့ချပေးစဉ် နည်းပေး လမ်းပြအနေဖြင့် “စာဆိုတာ ကြံရတယ်ကွ၊ ကြံမှသာ စာပေရဲ့ နက်နဲမှု အဓိပ္ပါယ်ဟာ ပေါ်လွင်ထင်မြင်လာပြီး မေ့ပျောက်မသွားနိုင်တာ” ဟု ဆုံးမစကား ပြောကြားလိုက်၏။ ထို့ကြောင့် ကိုရင်ကြီးသည် ညအချိန် လသာသာ ထိုင်ခုံပေါ်တွင်ထိုင်လျက် ကြယ်တွေကို ကြည့်ရှုပြီးနေ၏။ ဘုန်းကြီးသည် ကိုရင်ကြီး၏ အနီးသို့ ကပ်လျက် “ ဟဲ့ ကိုရင်ကြီး ဘာများ စိတ်ကူးနေသလဲ” ဟု မေးလိုက်ရာ၊ ကိုရင်ကြီးက “ စာကြံနေတာပါ ဘုရား” ဟု ပြန်လျှောက်ထားလေ၏။

“ဘာစာများကြံနေသလဲ” ဟု ထပ်မံမေးမြန်းလိုက်ရာ ကိုရင်ကြီးသည် မိုးပေါ်သို့ကြည့်လျက် “အထက်မိုးပေါ်က ကြယ်တွေဟာ ဘာများ ချေးယိုချပါလိမ့်ကြံနေပါတယ်ဘုရား” ဟု လျှောက်လိုက်ရာ ဆရာတော်ဘုန်းတော်ကြီးသည် ဒေါသဖြစ်မှုထက် ရယ်ပြုံးလိုမှု ပိုကာ “ တယ် စာကြံကောင်းတဲ့ ကိုရင်ကြီးပဲ ” ဟု ပြောဆို ညည်းညူလိုက်မေလေတော့သည်။

စာ ၄၁၊ ဘုရားကျောင်းကန်အနီးမှ မြန်မာ ပုံပြင်များ၊ လူထုဦးလှ ၁၉၆၅

ဟိုဒင်း နှင့် အ၀ှါ ဖိုးသူတော် နှစ်ဦး

ရှေးရှေးတုန်းက ရသေ့ တောကျောင်း တစ်ကျောင်းတွင် ရသေ့တစ်ပါးနှင့် ဖိုးသူတော် နှစ်ဦးရှိလေသည်။

ရသေ့ကြီး၏ မေတ္တာ တရား ကြီးမားမှုကြောင့် ကျောင်းအောက်တွင် တောကြက်များစွာလည်း လာရောက် မှီခိုနေကြသည်။ တောကြက်ဥများ၊ ကြက်ငယ်ကလေးများသည် ကျောင်းအောက်တွင် ပျံ့ကျဲလျက်ရှိသည်။

ဖိုးသူတော်တစ်ဦးက သူနှင့် အတူနေသော အခြား ဖိုးသူတော် တစ်ဦးအား “ကျောင်းအောက်က ကြက်ဥတွေရသေ့ကြီးမသိအောင် တစ်လုံးစ နှစ်လုံးစ ပြုတ်စားရရင် မကောင်းပေဖူးလား” ဟု တိုးတိုးတိတ်တိတ် တိုင်ပင်ကြည့်ရာ အတိုင်ပင်ခံရသော ဖိုးသူတော်က “ဖိုးသူတော် အ၀တ်ကြီးနဲ့ ပုတီးစိပ်နေပြီးမှ ဒီအကြံအစည်မျိုး မပြုသင့်ပါ” ဟောပြော ပြသ တရားချလိုက်လေသည်။

ကြက်ဥပြုတ်စားလိုသော ဖိုးသူတော်သည် သူ၏ ဆန္ဒကို မလျှော့ မည်သူမျှ မသိစေပဲ ကြက်ဥများကိုပြုတ်ပြီး သတိပဌာန်စာအုပ်အောက်တွင် ၀ှက်ထားခဲ့ကာ ချောင်းငယ်တစ်ခုသို့ ရေချိုးဆင်းသွားလေသည်။

ကျောင်းတွင် ကျန်ရစ်သော ဖိုးသူတော်သည် စာကျက်ရန် သတိပဌာန် စာအုပ်ကို ယူလိုက်ရာ စာအုပ်အောက်တွင် ဖုံးကွယ်ဝှက်ထားသော ကြက်ဥပြုတ်များကို တွေ့ရလေရာ မနေနိုင်တော့သဖြင့် အားလုံးစားပြီး ခြေရာလက်ရာ မပျက်စေပဲ စာအုပ်ကို မူလအတိုင်း ပြန်ထားလိုက်လေသည်။

ချောင်းငယ်မှ ရေချိုးပြန်လာသော ဖိုးသူတော်သည် အလစ်တွင် သူတစ်ဦးတည်း ကြက်ဥပြုတ်များကို တွယ်လိုက်မည်ဟု အားခဲကာ ကြက်ဥများထားရာ မူလနေရာသို့ သွားသည်။ ကြက်ဥများကို မတွေ့ရတော့ပေ။ ထိုအခါ ကျောင်းတွင် ကျန်ရစ်သော ဖိုးသူတော် စားလိုက်ပြီဟု သေချာပေါက် တွေးမိသော်လည်း ရသေ့ကြီးသိလေလျှင် မကောင်းတတ်သောကြောင့် “သူများက ဟိုဒင်းပြုရအောင်ပါလို့ ပြောတုန်းကတော့ အ၀တ်ကြီးနှင့်လေ ပုတီးနှင့်လေ နဲ့ တရားတွေ ကြီးကြီးကျယ်ကျယ်ဟောပြီး ခုသူများ ဟိုဒင်းပြုထားမှ ဒင်းတစ်ယောက်တည်း ဟိုဒင်းပြုတယ်” ဟု မြည်တွန်တောက်တီးနေလေရာ ကြက်ဥခိုးစားထားသော ဖိုးသူတော်က စိတ်မလုံသဖြင့် “ဦးသူတော် ကျူပ်တော့ အ၀ှါမပြုဘူးနော်။ ဦးသူတော် မကျေနပ်ရင် ကျောင်းအောက်မှာ အများကြီးပဲဟာ၊ ညကျမှ ရသေ့ကြီးမသိအောင် ဦးသူတော်အတွက်ရော ကျူပ်အတွက်ပါ အ၀ှါပြုပေးမယ်။ အ၀ှါက ဒီအတိုင်း မကောင်းဘူးဗျ။ ဆီကလေး၊ဆားကလေးနဲ့မှ ကောင်းတာ” ဟု ပြောပြလိုက်လေသည်။

စာ ၁၈၊ ဘုရားကျောင်းကန်အနီးမှ မြန်မာပုံပြင်များ၊ လူထုဦးလှ ၁၉၆၅

Tuesday 26 October 2010

ဒန်ပူစားသော ကျောင်းသားနှစ်ယောက်

တစ်ခါသော် ရွာတစ်ရွာမှ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ဆရာတော် ဘုန်းတော်ကြီး ပြုလုပ်သည်များကို ဘာမဆိုလိုက်၍ အတုလုပ်လေ့ရှိသော ကျောင်းသားနှစ်ယောက်ရှိလေ၏။ ဘုန်းတော်ကြီးသည် ဆွမ်းဘုန်းပေးသည့်အခါတိုင်း ပြတင်းပေါက်တစ်ခု၌ ရေတစ်ခွက် ဒန်ပူ(တံပူ) တစ်ချောင်းနှင့် သွားတိုက်ပါးစပ်ဆေးလေ့ရှိလေသည်။

ဤသို့ ပါးစပ်ဆေးသည်ကို ဒန်ပူစားသည်ဟု ခေါ်ဝေါ်လေ၏။ အတုလိုက်၍ ပြုလုပ်လေ့ရှိသော ကျောင်းသားနှစ်ယောက်သည်လည်း မိမိတို့ ဆရာတော် ဘုန်းကြီး တကယ် ဒန်ပူစားသည်ဟု ထင်မှတ်လျက် တို့နှစ်ယောက်လည်း ဘုန်းကြီးအခြားတစ်ရွာသို့ ကြွသွားသည့်အခါ ဒန်ပူစားကြရအောင်ဟု တိုင်ပင်ထားကြလေသည်။

များမကြာမီ ဘုန်းတော်ကြီးသည် ရွာတစ်ရွာသို့ ကိစ္စ တစ်ခုနှင့် ကြွသွားလေလျှင် သဘောတူတိုင်ပင်ထားသော ကျောင်းသားနှစ်ယောက်သည် ဒန်ပူစားကြလေတော့သည်။ ပြတင်းပေါက်တစ်ခုလျှင် တစ်ယောက်စီ ထိုင်၍ ဒန်ပူတစ်ချောင်း ရေခွက်တစ်ခုစီဖြင့် ဆရာ ဘုန်းတော်ကြီး၏ ဟန်ပန် အမူအရာအတိုင်း ဂူး ဂွပ် နှင့် ချွဲသလိပ်များကို ဟပ်ကြ၍ ဒန်ပူများကို ၀ါးစားပြီး ရေဖြင့် ရောမျိုချကြလေသည်။

စားပြီးကြသောအခါ နှစ်ယောက်သား ဆုံ၍ တစ်ယောက်က "တယ်တော့ မကောင်းလှပါဘူးကွာ၊ ဘတ်သတ်သတ် နဲ့" ဟု ပြောလေလျှင် ကျန်တစ်ယောက်ကလည်း " ဧ ဧ ဘုန်းကြီးများ ကောင်းတယ်ရယ်လို့ မဟုတ်ပါဘူး။ ရေတစ်ခွက်နဲ့ ဂူး ဂွပ်လုပ်ပြီး စားကြတာပါပဲ" မှတ်ချက်ချ ထောက်ခံလိုက်လေ၏။
ထိုသူငယ်နှစ်ယောက် ကျောင်းမှ ထွက်ပြီး ကွဲကာသွားကြရာမှ နှောင်ကြီးပြင်း၍ ဆုံမိကြလေသောအခါ “တို့နှစ်ယောက် ကျောင်းတုန်းက ဒန်ပူစားကြတာ မှတ်မိသေးရဲ့လား” ဟု တစ်ဦးက မေးလိုက်လျှင် ကျန်တစ်ယောက်က
“မှတ်မိတာပေါ့ကွာ သူငယ်ချင်း တို့နှစ်ယောက် ရွာတည်လိုက်ရရင် တို့ကမွေးလာတဲ့ ကလေးတွေကတော့ ငအ ငအူလေးတွေချည်း ဖြစ်နေလိမ့်မယ် ထင်တယ်” ဟု ပြောဆိုရယ်မောကြလေသတည်း။

စာ ၁၀၈၊ကျောင်းကန်အနီးမှ မြန်မာ ပုံပြင်များ၊ လူထုဦးလှ ၁၉၆၅

Friday 22 October 2010

ဟုတ်တော့ဖုံးမရဘူး

တစ်ခါက ကျောင်းတစ်ကျောင်းတွင် ဖိုးသူတော် တစ်ဦးနှင့် ကပ္ပိယ တစ်ဦးရှိလေသည်။ သူတို့နေထိုင်သော ရွာမှ သူကြီးတွင် အရွယ်ရောက်ပြီဖြစ်သော သမီးချောတစ်ယောက် ရှိလေ၏။ ဖိုးသူတော်သည် သူကြီးသမီးကို တစ်ဖက်သတ်ကြိုက်နေကာ အများကပင် သူတို့အကြောင်း ပြောနေကြသည်ဟု အထင်ခံချင်နေ၏။

ထို့ကြောင်က ဖိုးသူတော်သည် ကပ္ပိယ ရွာထဲမှ ပြန်လာတိုင်း “သူကြီးသမီးနဲ့ ဘယ်သူနဲ့ ဖြစ်တယ်လို့ ပြောသံ ကြားခဲ့သလားဟေ့” ဟု ဆီး၍ မေးလေ့ရှိ၏။ ကပ္ပိယသည် ရိုးရိုးတန်းတန်း မေးသည်ဟု ထင်မှတ်၍ “ဘယ်သူနှင့်မှ ပြောသံမကြားပါဘူး” ဟု ရိုးရိုးပင် ဖြေကြားပြောဆိုလေသည်။

ဖိုးသူတော်က ခဏခဏ မေးသောအခါ ကပ္ပိယသည် ဖိုးသူတော်အပေါ် သင်္ကာမကင်းဖြစ်လာ၍ အကဲစမ်းလိုစိတ် ပေါ်လာသည်။ထို့ကြောင့် တစ်နေ့၌ ကပ္ပိယ ရွာထဲမှ ပြန်အလာတွင် ဖိုးသူတော်က ခါတိုင်းကဲ့သို့ပင် “ဟေ့ ကပ္ပိယ သူကြီးသမီးနဲ့ ဘယ်သူနဲ့ ဖြစ်တယ်လို့ ပြောသံ ကြားခဲ့သလားဟေ့” ဟု ဆီး၍ မေးသည်။ ဖိုးသူတော်အား အကဲခတ်လိုသော ကပ္ပိယက “ဦးသူတော်နဲ့ ကြိုက်နေကြတယ်လို့ ရွာထဲမှာ ပြောနေသံကြားခဲ့တာဘဲ” ဟု ပြောလိုက်ရာ ဖိုးသူတော်မှာ ပီတိဖုံးသွားပြီး “ဟီးဟီး ဟုတ်တော့ ဖုံးလို့မရဘူး” ဟု ပြန်ပြောလိုက်လေသတည်း။

ကျောင်းကန်အနီးမှ မြန်မာပုံပြင်များ၊ လူထုဦးလှ၊၁၉၆၅